3. တရား တရား ( ၃ )

တရား တရား ( ၃ )

တရားတရား- အမှတ်(၂) ဆောင်းပါးမှာ စတုရာက္ခကမ္မဋ္ဌာန်းကို ပြောမယ်လို့  ပဋိညာဉ်ပြုခဲ့ပါတယ်။ နည်းက လည်းကန္နီနည်းကို ပြောမယ်လို့  ဆိုခဲ့ပါတယ်။ အကျယ်ကိုတော့ ဒီနေရာမှာ မပြောတော့  ပါဘူး၊   International Kanni Foundation မှာ အကျယ်တ၀င့် ဖတ်ရှုနိုင်ပါတယ်။ ဒီနေရာ တရား နဲ့  မှတ်စင်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်ကို ဦးစားပေး ပြောပါမယ်။
ဗုဒ္ဓါနုဿတိ ပွါးများပုံ- အရဟံ- လို့ စိတ်ထဲက ဆိုပြီး ၀င်လေ ကို ရှူ သွင်းပါ၊ အရဟံ- လို့  စိတ်ကဆိုပြီး ထွက်လေကိုပြန်ထုတ်ပါ။ မိမိစိတ်ငြိမ်လာပြီဆိုရင် ဘုရားရှင်ရဲ့  ဂုဏ်တော်အရောက် အာရုံပြုပြီး ကိလေသာကင်းစင်တော်မူသော မြတ် စွာဘုရားဆိုပြီး ၀င်လေ ထွက်လေတိုင်းမှာ ရှုမှတ်ပေးပါ။ဒီလိုနည်းနဲ့  အချိန်ရသလောက် ပွါးများပေးပါ။( အင်တာနေရှင်နလ်ကန္နီဖောင်းဒေးရှင်း ၀က်ဘ်ဆိုက်မှ)။
နည်းကို ဆရာက ပေးလိုက်တာနဲ့  မနက်ခင်း ၀၄:၃၀ အိပ်ယာမှထကာ စတင် အရဟံ- ဂုဏ်တော်ကို မိမိနေရာကျောင်းရှေ့ မှာ စတင် ၀၆:၃၀ ထိ နှစ်ရာရီ မပြင်ဘဲ ထိုင်ချလိုက်တယ်။ အထင်ကြီးအောင် ပြောတာမဟုတ်ဘူးနော်။ကြည့်အုံး၊ ကြာတယ်လည်းမထင်မိဘူး။ ဟုတ်တယ် တကယ်ပြောတာ၊ မကြာခင်မှာပဲ ခဏလေးမှတ်လိုက်ရတာ အိပ်ပျော်သွားတာ။ ကိုယ့်ကိုယ်တော့ အိပ်ပျော်သွားတယ် မထင်မိ။ ဘာလို့ ပြန်သိရတာလဲဆိုတော့- နေ့ ခင်းပိုင်းတွေမှာနှစ်နာရီဆိုတာ အကြာကြီးပဲ ဆိုတာ ကြည့်လိုက်တော့ အင်းသေချာတယ်၊ ငါ အိပ်ပျော်တာပဲလို့ ။ဘာမှလည်း အဲဒီအချိန်မှာမတွေးလိုက်မိခဲ့ဘူး။
နေ့ ခင်းပိုင်းတွေမှာ ဆိုရင်တော့ ကိုယ်မှတ်နေတဲ့ ကြားက အတွေးတွေက တသီကြီး ၀င်လာ တယ်၊ ပြန်လည် သတိဝင်လာတာနဲ့  တွေးလက်စ အတွေးက အလိုလို ဖျက်တောက်ပြီးဖြစ်ပြန်ရော။ မှတ်ပါများလာတော့ အတွေးဝင်ချိန်နည်းသွားတယ်၊ ကိုယ့်စိတ်က ကိုယ်လိုသလိုလုပ်ရမှန်းသိလာ တယ်။ အတွေးကတော့ နည်းနည်းလွတ်သွားတာနဲ့ တွေးတတ်တယ်။ တွေးတာမှပြီးခဲ့တာတွေလည်း ပြန်တွေးရုံတင်မကဘူး နောက်လာမည့်ဟာတွေကိုလည်း ဘာလုပ်မယ်၊ ဘာဖြစ်ချင်တာ.. စတာတွေက မယုံနိုင်လိုက်အောင်ပဲ။ စိတ်က ပေါ်လာတဲ့အာရုံတစ်ခုပေါ်လာရင် ဖျက်ခနဲကိုသိလိုက်မှ ၊ အဲလိုမသိလိုက်ရင် မီးခိုးမဆုံးမိုးမဆုံး လေလာချိန် မီးလောင်သလိုမျိုး မပြီးတော့ပါဘူး။ အာနပါန နဲ့ တွဲပြီးမှတ်လို့ တော်ရဲ့ ၊ ဒီတိုင်း ပလိန်းသာ ဘုရားကိုအာရုံပြုရမယ်ဆိုရင် ဆက်လွင့်လောက်တယ်။ အာနပါန ဟာ မောဟစရိုက်ရှိသူ၊ အတွေးများသူ အတွက် အသင့်တော်ဆုံးကမ္မဋ္ဌာန်းလို့  ဆိုထားတာ ပဲလေ။ တစ်ခါတလေ ဘုရားရဲ့  ဂုဏ်တော်ကို စိတ်မှာထင်ပွါးခိုင်းတာကို မိမိ အနေနဲ့  စိတ်ကအမြန် ပုတီးစိပ်သလို အရဟံ- အရဟံ လို့  ခပ်မြန်မြန် ဆိုဖြစ်သွားတာလဲ ရှိသေးတယ်။ ကိုယ်ဖြစ်ပျက်သမျှ ကို ကမ္မဋ္ဌာန်းဆရာတော်ကို ပြောပြတော့ – အဲလို မမြန်ရဘူးတဲ့၊ သူရေ့ ကဆိုပြတာကတော့ တကယ် သရုပ်ပါတယ်၊ မှန်မှန်ကန်ကန် ဖြေးဖြေးအေးအေး တည်တည်ငြိမ်ငြိမ်ရှိလှပါတယ်။ ၀င်လေ အရဟံ၊ ထွက်လေ အရဟံ။ တစ်ချက်ချင်း မှတ်ပါတဲ့။ ဒီကလည်း ကိုယ့်အကြောင်းပြောပြတယ်လေ- တပည့်တော်က နှေးရင် အတွေးစတွေ များလွန်းလို့  ဘုရား တင်လျှောက်လိုက်တယ်။ဖြစ်သွားမှာပါ။ အေးအေးဆေးဆေး ပုံမှန်လေး သာ လုပ်ပါတဲ့။ အင်း- ဒါတွေလည်း ဖြစ်တတ်သေးတယ်နော်။ ဒါတောင်တောထဲမှာမိုလို့  တော်သေးရဲ့ ။ တစ်ခါတလေကျတော့ အရဟံ- ပွါးများရင်းက ကိုယ်လေ့ လာ ဖူးတဲ့ ဘုရားနဲ့ စပ်မိစပ်ရာ အမှတ်ရပြန်ရော။ အော်- မြတ်စွာဘုရားက တောထဲမှာ တစ်ပါးတည်း နေခဲ့တာတွေ ရှိတယ်။ မြတ်စွာဘုရားနေတော်မူခဲ့တာဟာ အာရုံများတဲ့ မြို့ ရွာတွေက ခွါ တောထဲမှာ စိတ်အေးငြိမ်းစွာနေလိုတဲ့ အခါမျိုး၊ တစ်ခါတရံ ဘာမဟုတ်တဲ့  ကိစ္စလေးတွေနဲ့  ပြောဆို ဆုံးမ-မရတဲ့ ကောသမ္ဗီရဟန်းတွေမျိုး တွေနဲ့ တွေ့  ကြုံ ရတဲ့အခါ တောထဲမှာ နေခဲ့ဖူးတယ်- လို့ တွေးမိပြန်ရော။ အဲဒီလို အတွေးက ကောင်းတော့ ကောင်းပါရဲ့ ၊ ဒါပေမယ့် ခု လုပ်နေတဲ့ အလုပ်က ဗုဒ္ဓါနုဿတိ- ကို အာနပါန နဲ့ တွဲပြီး အားထုတ်နေတာလေ။ အဲဒါနဲ့ ပဲ ကိုယ်လုပ်ရမယ့် အလုပ်ကို ဦးစားပေး လုပ်ခဲ့ပြန်ပါရော။မြတ်စွာဘုရား ဟောတာမူထားတာ ရှိပါတယ် ပစ္စုပ္ပန်တည့်တည့် အလုပ်လုပ်ရမယ် ဆိုတာ။ ဒီလိုနဲ့  ကိုယ်လမ်းကြောင်းဘာပဲတွေးမိ တွေးမိ အတွေးစကို ဖျက်နိုင်အောင် ကြိုးစားခဲ့ရပါတယ်။
ခုလောလောဆယ်မှာ အဲဒီအကြောင်းကို ဂျာမနီနိုင်ငံက လူတွေကို စတင်သင်ပေးနေပါပြီ။ သင်ပေးတော့ ဒီလို ပွါးများ ခြင်းရဲ့  အကျိုးတွေကိုလည်း ထည့်ပြောဖြစ်တယ်။အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ်လေ့လာခဲ့စဉ်က မှတ်သားခဲ့ဖူးတာပါ။အကျိုးတရား တွေက ၁၃ မျိုးတောင် ပြထားပါတယ်၊ ဆရာကြီး ဒေါက်တာမင်းတင်မွန်ရေးတဲ့ သမထ-စာအုပ်ထဲမှာပါ။ အဲဒါတွေက-
၁။ဘုရားကို လေးလေးနက်နက် ရိုသေးလေးစားလာမယ်။
၂။ဘုရားအပေါ် ယုံကြည်မှု အပြည့်ရှိလာမယ်။
၃။သတိ ပိုကောင်းလာမယ်။
၎။နားလည်သိရှိမှုတွေ အားကောင်းလာမယ်။
၅။ကြိးမားတဲ့ကုသိုလ်ရရှိမယ်။
၆။နှစ်သက်မှု(ပီတိ)၊ ချမ်းသာမှု (သုခ) ရရှိမယ်။
၇။ကြောက်ရွံ့  ထိတ်လန့် မှုတွေ ကင်းဝေးမယ်။
၈။နာကျင်မှုတွေ သည်းခံလာနိုင်မယ်။
၉။ မြတ်စွာဘုရားရှေ့ မှောက်ရောက်နေသလို ခံစားလာရမယ်။
၁၀။ကိုယ့်တစ်ခုလုံး ဘုရားအာရုံနဲ့ မွှမ်းထားလို့  မြတ်စွာဘုရားခန်းလိုမျိုး ပူဇော်ထိုက် သလိုမျိုး       ဖြစ်မယ်။
၁၁။စိတ်က မြတ်စွာဘုရားအပေါ် အမြဲ ညွတ်နေမယ်။
၁၂။မကောင်းတာလုပ်ဖို့ အခွင်ကြုံသော်မှ ဘုရားနဲ့ မျက်နှာချင်းဆိုင်တွေ့ နေသလိုမျိုးထင်ပြီး လုပ်ရမှာရှက်လာမယ်။
၁၃။ မဂ်ဖိုလ် မရတောင်မှ နောက်ဆုံးအနေနဲ့  စိတ်ပျော်ရွှင်မှု ရဖို့ ဦးတည်ပါတယ်။

ဒါကတော့ အတတ်နိုင်ဆုံး ဘာသာပြန်ပေးထားတာပါ။ စာဖတ်သူအများစု နားလည်ဖို့ အတွက် ရည်ရွယ်တာပါ။ဘာပဲ ဖြစ်ဖြစ် အကျိုးတရားက သူ့ ဖာသာ ရောက်လာပါလိမ့်မယ်။ မရောက်သေးရင် ကိုယ်လုပ်တာ လိုအပ်သေးလို့ ဘဲ ပြောရမလား၊ ဆက်ကြိုးစားကြည့်လိုက်ပါ လို့  တိုက်တွန့်း ပြောဆိုချင်ပါတော့တယ်။

ဆက်လက် ရေးသားသွားပါမယ်….

အရှင်တေဇောဘာသ
သုဒ္ဓံ အတ္တာနံ ပရိဟရ န္တု

(မိမိစိတ်ကို ဖြူစင်အောင် ထားနိုင်ကြပါစေ)

  1. Bisher keine Kommentare
  1. Bisher keine Trackbacks