10. ဆရာတော် ဘုရားကြီး အရှင်အင်္ဂုလိမာလ မထေရ်မြတ်

21. Dezember 2009

ဆရာတော် ဘုရားကြီး အရှင်အင်္ဂုလိမာလ မထေရ်မြတ်

.

ဆရာတော် ဘုရားကြီး အရှင်အင်္ဂုလိမာလ မထေရ်မြတ်

.

ပထမပိုင်းမှာ အဂုင်္လိမာလ-တဲ့ ဟေ့ …….တဲ့။


ယခု ဒုတိယပိုင်းမှာတော့- ဆရာတော်ဘုရားကြီး အရှင်အဂုင်္လိမာလ လို့  မြန်မာလို တရိုတသေ ပြောချင်ပါ တယ်။ဘာလို့ လဲဆိုတော့ မြန်မာနိုင်ငံမှာ တကယ်လေးစားစရာ ကြည်ညိုစရာ ကောင်းတဲ့ ရဟန္တာ ဆရာ တော်များဖြစ်ဖြစ်၊ သီလသမာဓိ ပြည့်စုံတဲ့ သက်တော်ရှည် ဆရာတော် များကို ဖြစ်ဖြစ် ဆရာတော်ဘုရားကြီး လို့  သုံးလေ့ရှိပါတယ်၊ တစ်ချို့ လည်း ပုထုဇဉ် ရဟန်းများသာ ရှိပါလိမ့်ဦးမယ်။ သို့ ပေမယ့် ဆရာတော်တင် အားမရ သေး၊ ဘုရားကြီး ဆိုတဲ့ ၀ိသေသနဆင့်ပုဒ်ထပ်ထည့်တယ် မဟုတ်ပါလား။


ခုလည်း ၀ါတော် အရ ကြည့်ရင် ကြီးမှ ရဟန်း ၀တ်လာသူမို့  ၀ါအနေနဲ့ ငယ်ကားငယ် နိုင်ပါတယ်။ သူ့ ရဲ့  တရား အတွေ့ အကြုံ ရဟန်းငယ်မျိုး မနေထိုင်ပါ။ တကယ်တည်ကြည်သွားပြီ။ မထေရ် လို့  ခေါ်ဆိုရမယ့် ဆရာတော်ဘုရားကြီး အစစ်ပါ။ သူ့  အကြောင်းကို သေချာဖတ်ကြည့်ပါက ခုခေတ် ကိုယ် ကြည်ညိုလေး စားလောက်သော ဆရာတော်များနဲ့ မခြား မြင်တတ်ပါလိမ့်မယ်။


သူ ဟာ ဘ၀ရဲ့  အမှားအမှန်ကို သိနေပြီမို့  ရဟန်းဘောင်ဝင်ရောက်ခဲ့တာ။ ဒါပေမယ့် လူတွေက သူ့ ကို မယုံကြည်ရုံမက တစ်အိမ်ဝင် တစ်အိမ်ထွက် လမ်းကြို လမ်းကြား ဆွမ်းခံသွားရာ ခဲဆွမ်း၊ဒုတ်ဆွမ်း များသာ လောင်းလှူခဲ့ကြ တယ်။ သူ့ ခမျာ သပိတ်ကကွဲ၊လူမှာလည်းခေါင်းပေါက်ထိပ်ကွဲ သွေးသံတရဲရဲ နဲ့  ဇေတ၀န်ကျောင်းတော်ဘုရားထံ ရောက်လာခဲ့တယ်။ နဂိုရ် လူ့ ဘ၀စိတ်မျိုးသာရှိခဲ့ရင် ဒီလူတွေ မချောင်ဘူး၊ဒီလူတွေကလဲ ပြန်မလုပ်မှန်းသိလေလေ ယောင်တတ်လေလေ။ သည်းခံပြန်တော့လည်း ကြောက်တယ် မှတ်နေကြတယ်။တကယ်တော့ အင်္ဂုလိမာလ ဟာ ခန္တီဆိုတဲ့ တရား နှလုံးသားမှာကိန်းဝပ်သွားခဲ့ပါပြီ။ ခန္တီကို


လက်ကိုင်ထားရင် အောက်ထစ်ဆုံး ပြောရရင် မူရင်း ဖြူစင်တဲ့ စိတ်ဓာတ်မပျက်စီးဘူး၊ အကျိုးရှိရာကို ဖြစ်စေမယ်၊ နတ်ပြည်လည်း ရောက်နိုင်တယ်။ မသူ့ သိထားတာက အဲဒီအဆင့်တွေကို လွန်မြောက်သွားပါပြီ၊


လောကီအဆင့်ကို လွန်မြောက်ပြီး လောကုတ္တရာနယ်ထဲ လုံးလုံးလျားလျား ရောက်ခဲ့ပါပြီ။ ဘုရားရှင်ကိုလည်း ဒီအကြောင်း လျှောက်ပြခဲ့တယ်။


တကယ်သူဟာ တရား အလုပ်ကို ပြီးမြောက်အောင်မြင်တဲ့ အထိ ကျင့်ကြံအားထုတ်ခဲ့တာပါ။ ပထမတော့ တရားအားထုတ်လို့  မရဘူး၊ သူ့ ရဲ့ စိတ်ထဲမှာ သူလုပ်ခဲ့တဲ့ လူတွေကိုလက်ချောင်းလေးတွေကို ကျကျနန ဖျက်ပြီး လည်ဆွဲတာတွေ၊သူ့ သတ်ခဲ့ပုံ နည်းစနစ်တွေက အာရုံထဲမှာပေါ်လာတယ်။ တားမရဖြစ်နေတယ်။စိတ်ငြိမ်းချမ်းမှုမရှိခဲ့ဘူး။ ဒါဟာ တရားထုတ်တဲ့ ယောဂီတိုင်း အနဲနဲ့ အများဆိုသလို တွေ့ ရတတ်တာပါ။

.

ဒါပေမယ့် သူ မလျှော့ဘူး၊ နောက်တော့ အတွေးကို ရအောင်ဖျောက် တရားမှတ်ရသည်အထိ အရောက်

လျှောက် လှမ်းခဲ့ ပါတယ်။

ခုတော့ သူ့ ရဲ့ သည်းခံခြင်းတရား ကြည့်ပါ၊လုံးဝကို ပြောင်းလဲသွားပါပြီ။ဘုရားရဲ့ တရားဘယ်လောက်စွမ်း သလဲဆိုတာ။ ဘုရားရှင် တရားဆိုတာ ကြားနာရရုံပင် ကိုယ့်မှာရှိတဲ့ အပူတွေ ကင်းစင်နိုင်တယ်၊ ပြောတဲ့ ကျင့်မယ်ဆိုရင် လက်တွေ့ ချမ်းသာမယ်၊ နိဗ္ဗာန်စခန်း နဲ့ နီးသထက်နီးလာပြီး အရောက်သွားနိုင်ပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို လျှောက်ပြတော့ ဘုရားရှင်က ပြောဆိုတော်မူပြန်တယ်- အင်္ဂုလိမာလ ဒါတွေဟာ သင်လုပ်ခဲ့တဲ့အရာတွေဟာ ကိုယ်ယူထားတဲ့ အကြွေးဆပ်ရတာ၊ စိုက်တဲ့ မျိုးစေ့အတိုင်း အပင်ပေါက်တာ။ငါဘုရားနဲ့ မတွေ့ ရင် မရေတွက်နိုင်လောက် တဲ့နှစ်တွေ သင်ငရဲမှာခံစားရမှာ။….တဲ့။
တစ်နေ့ သော မနက်ခင်းတစ်ခုမှာတော့ သာဝတ္ထိမြို့ အတွင်း ဆွမ်းခံကြွရာ လမ်းခုလတ်မှာ အခန်းအတွင်းမှ အမျိုးသမီးရဲ့  နာကျင်ညီးတွားသံ ကြားတယ်။ ညီးတွားသံကား သာမန် မဟုတ်..အား.အမလေး .လုပ်ကြပါဦး သေပါပီတော့။ အား….နာ လိုက်တာ။ အား အား …(ကျွတ်.. ကျွတ် ..ကျွတ်.) ဆိုတဲ့ အသံ။သနားစိတ်အပြည့်ရှိတဲ့ အရှင်အဂုင်္လိမာလ၊ သနားစိတ်တွေ နှလုံးသားမှ စီးသွား ယိုဖိတ် လာတာနဲ့ အတူ ဒီခံစားနေရတဲ့သူမရဲ့  ဝေဒနာကိုသိသွားတယ်။ သိတယ်ဆိုရင်ဘဲ-သတ္တ၀ါတွေ အားလုံးဟာ ဒီလိုဒုက္ခနဲ့ တွေ့ ကြုံရတာ သဘာဝ- ဆိုတာ နှလုံးသွင်းရင်းနဲ ဘဲကျောင်းပြန်လာခဲ့တယ် ။ပြီးတော့သူရဲ့  သနားကြင်နာမှုကို ဘုရားရှင်အား တင်ပြလျှောက်ထားတယ်။ ဘုရားရှင်က အဲဒီကိစ္စအတွက် ဖြေရှင်းဖို့  နည်းလမ်းပေးခဲ့ပါတယ်။ ဝေဒနာရှင်က သားမဖွားနိုင်လို့ နာကျင်နေတာဖြစ်လို့  အိမ်ကိုသွား ၊ သားဖွားခန်းအပြင်ဖက်ကနေပြီး -”ငါနှမ - ငါသည် အရိယာဖြစ်ပြီးကတည်းက သတ္တ၀ါတွေရဲ့ အသက်ကို သတ်လိုတဲ့စိတ်စေတနာနဲ့  မသတ်ခဲ့ပါဘူး၊ ဤမှန်ကန်တဲ့  ငါ့သစ္စာ စကားကြောင့် နှမရဲ့  သားဖွားမှု ချောချောမွန်မွန် ဖွားနိုင်ပါစေသတည်းလို့  သစ္စာပြု ဆုတောင်းပေးလိုက်တယ်။ အား. အား.. ဆိုတဲ့ ညီတွားသံ အိုကေသွားပါတယ်။ အဲဒီကနေပြီး စလို့  ခုခေတ်ထိ အင်္ဂုလိမာလ-သုတ်ဆိုတာ အတော်လေး ခေတ်စားလာပါတယ်။ လေးလေးစားစား ရွတ်လေ့ ရှိကြပါတယ်။ အဲဒီအချိန်လေးဘဲ မီးဖွားဖို့ လွယ်ကူတယ်ဆိုတာနဲ့ ရွတ်လေ့ရွတ်ထရှိကြတာ။ခုလို တကယ် သနားကြင်နာတတ်ပါလားလို့  အရှင်အဂုင်္လိမာလ အကြောင်း ဒီလိုသိကြရင် ပိုကောင်းမှာဘဲ ထင်မိပါတယ်။

ခုတော့ ဆိုးတာ ကောင်းတာ ရောပြီး လုပ်နေရင် ဆိုးတာက နာမည်ထွက်ပြီး၊ ကောင်းတာက မြုပ်နေတတ် ကြပါတယ်။သဘာဝလို့ ပြောရလေမလား၊ တစ်ခါတစ်ခါတော့ ရှိတတ်ပါ့ရဲ့ ။နာမည်အတော်ကြီးသွားပြီ ဆိုရင်

အဆိုးလေးတွေ ကို ခွင့်လွတ်တတ်ကြတာမျိုး။ ကိုယ်ထင် ကုဋင် ရွှေနန်း( ခြေလေးချောင်း) ဆိုဘဲ။

ဒါနဲ့ စပ်လို စာချဆရာတော် တစ်ပါး ပြောတာ သွားသတိရတယ်။ ပတ်လက်ကုလားထိုင်ပေါ်က စာချနေတဲ့ ဆရာတော် ၊ အဲဒီ အချိန် ဧည့်သည် ဒကာရောက်ပေမယ့် အချိန်မစေ့သေးလို့  စာချမြဲ ချနေတာပေါ့။ ဒကာက မနေနိုင်တာနဲ့ ပဲ သူမြင်တဲ့ အတိုင်း တဲ့ လျှောက်တယ်။ ဆရာတော်ဘုရား အောက်က သင်္ကန်းစ လွတ်နေတယ် ဘုရား-တဲ့။ အင်း … ဒကာ! ဟေ.. စာချတာ မမြင်ဘဲဟိုဒင်းကို မြင်ရသလားတဲ့။ ကဲ ကောင်းတာ ကြည့်တတ်ရင် ကောင်းတာ မြင်မယ်၊ မကောင်းတာ ကြည့်တတ်ရင် လည်းမကောင်းတာကိုမြင်တာပဲနော….။ြ

.
အရှင်အဂုင်္လိမာလ-ရဲ့  လုပ်ဆောင်ချက်က ဒါတင်မကသေးဘူး၊ သူပြောသွားတဲ့စကားတွေက မေ့လို့ 
မရတဲ့ စကားတွေ ၊မေ့လို့ မဖြစ်တဲ့ စကားတွေ။ ပညာရှိ အစစ်ဖြစ်သွားပြီလေ။ ပညာရှိစကား
အပ်ဖျားရေစက် အနက်ပင်လယ်- တဲ့ ။ပြောသွားတဲ့စကားများထဲက စကားအချို့ ပြောပြရမယ်ဆိုရင်-
အို-လူသားအပေါင်းတို ! ငါ့..စကားကိုနားထောင်ကြပါ၊ နားထောင်ပြီးရင် ကြိုးစားကြပါ။ ဒီနေရာမှာ သူ့ စကားဟာ သူ မြတ်စွာဘုရား တရားနာပြီး ၊ ကျင့်ပြီးလို့  ရရှိခဲ့တဲ့ မဂ်ဖိုလ်တရားစစ်ကို နာယူခိုင်းတာပါ၊
ပြီးတော့ နာပြီးရင်လည်း နာရုံသက်သက်မဟုတ်ဘဲ၊ ကျင့်ကြံကြိုးကုတ် အားထုတ်ကြဖို့ ၊ အထူးတလည်
တိုက်တွန်းတယ်။ ဟုတ်ပါတယ်၊ တရားနာတယ်ဆိုတာ ပရိယတ်အဆင့်ပါ၊ ကိုယ်တိုင်တရားအတိုင်းကျင့်နိုင်မှ

ဟောတဲ့သူ အကျိုးရှိမှာပေါ့။ တရားစာတွေ ဘလော့မှာ အများဆုံး ခုတွေ့ နေရပါပီ၊ ဖတ်တဲ့ အခါတိုင်းလည်း

ရေးတဲ့ သူ အကျိုးရှိအောင် ပြောတာလေးတွေ မှတ်သားပြီး အားထုတ်သင့်ပါတယ်။လိုက်နာသင့်ပါတယ်။

ပြီးတော့- သူ ဆက်ပြောသွားတာက ပညာရှိသူတော်ကောင်းတွေဟာ မိတ်ကောင်းဆွေကောင်းကို ချဉ်းကပ်မိကြဖို့  တိုက်တွန်းတယ်။ မိတ်ကောင်းဆွေကောင်း ဆိုတာဟာလည်း သုစရိုက်တရားကိုသွန်သင် ပေးမည့်သူ၊ နိဗ္ဗာန်ရောက်ကြောင်းတရားကောင်းများကိုလမ်းညွှန်ပြသပေးမည့်ကို ဆိုလိုပါတယ်။

ဒီ့ အပြင်- မကောင်းမှု မလုပ်မိဖို့ အတွက် ဥပမာလေးနဲ့ ပြောသွားတယ်။ ရေမြောင်းတူးမြောင်း ဖေါက်သူ တွေက ရေလိုချင်တဲ့နေရာကို ဖေါက်ကြတယ်။ လေးမြားထုတ်လုပ်သူတွေက ကွေးနေတဲ့ လေးမြားတွေကို ဖြောင့်အောင်ပြင် တတ်ကြတယ်၊ လက်သမားများက ကွေးတဲ့အသားဖြောင့်အောင်၊ ဖြောင့်တဲ့အသားကိုကွေး အောင် အမျိုးမျိုး ကိုယ့်စိတ်ကြိုက်လုပ်တတ်ကြတယ်၊ပညာရှိဖြစ်တဲ့ပုဂ္ဂိုလ်က၊ ပညာရှိသူတော်ကောင်းဖြစ် ချင်တဲ့သူက မကောင်းတဲ့ စိတ်မဖြစ်အောင်၊ ကိုယ့်စိတ်ကို ကောင်းမွန်အောင် ထိန်းနိုင်ကြတယ် ထိန်းနိုင် အောင် ကျင့်ကြတယ်။

နောက်ထပ်- မတ်စွာဘုရားကို ကျေးဇူးဆပ်စကားအနေနဲ့ ပြောသေးတယ်၊ မြင်းဆရာက မြင်းကို
ကြိမ်လုံးနဲ (့သုတ်တယ်)၊ ဆုံးမတယ် ၊နွားကျောင်းသားက နွားတွေက (နားကန်)ခေါ် နွားရိုက်တဲ့ ဒုက်နဲ (ဗျင်းတယ်) ဆုံးမတယ်၊ ဆင်ဆရာက ဆင်ကိုချွန်းနဲ့  (ပေါက်တယ်)၊ ဆုံးမတယ်၊ ငါ့ကို မြတ်စွာဘုရားရှင်က
ကြိမ်လည်းမသုံး၊ နားကန်မပါ ၊ ချွန်းကိုမကိုင်ဘဲ ငါ့ကို ပိုင်နိုင်စွာ ယဉ်ကျေးအောင် ဆုံးမသွားနိုင်တယ်။

ဘုရားရှင်ရဲ့ ကျေးဇူးတရားကို ရဲရဲတင်းတင်း ဖေါ်ထုတ်ခဲ့တာပါ။ ဒါလည်း မှတ်သားစရာ တစ်ရပ်ပါဘဲ။ ကျေးဇူးသိပုံလေးပေါ့။
ဒါ့ထက် - လူတွေကို အားတက်သရော တရားအလုပ်မှာ ရှိစေချင်တဲ့  စိတ်  အပြည့်ဝနဲ့  ပြောခဲ့တာက-ကိုယ့်ကိုယ်ကို ဘာမှန်းမသိ၊ခုဘ၀အကြောင်းလည်းမသိ၊ နောက်ဘ၀ဆိုတာလည်း မသိ၊အကြောင်းနဲ့  အကျိုး ၊ အကောင်းရယ် အဆိုးရယ်လို့ မှ မသိတတ်ကြတဲ့ သူတွေက မေ့လျော့ ပျော်ပါး သောက်စားရမ်းကား နေတာကို အကောင်းထင်ပြီး အချိန်ကုန်နေကြတယ်၊ဆက်လုပ်နေကြတယ်။မတရားမှန်သမျှ ကောင်းတယ်လို့  သူတို့ ယူဆကြတယ်။

အမြင်ရှင်းတဲ့ သူတော်ကောင်းများကြတော့ - ရှိပြီးဖြစ်တဲ့ ရွှေငွေ ကျောက်သံပတ္တမြားကို ဒါက စီးပွါးရေး၊ဒါက သားသမီးရေး၊ ဒါကကိုယ့်ဘ၀ လမ်းခရီး အတွက် လမ်းစာရိက္ခာ ဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး ပစ္စည်းကို သေချာကျန အသုံးဝင်အောင် အသုံးပြုပြီး သိမ်းထား၊သုံးတတ်သလိုမျိုး- ကောင်းတဲ့ အပြစ်ကင်းတဲ့ လွပ်လပ်တဲ့ အလုပ်မှန်သမျှကို မမေ့လျော့ကြဘူး။ မမေ့လျော့တာကို အကြောင်းပြုပြီး ဈာန်ရအောင် အားထုတ်မယ်၊ အဘိညာဉ်ရအောင်အားထုတ်မယ်၊ မဂ်ဖိုလ်ရအောင်အားထုတ်မယ် ဆိုပြီး မမေ့လျော့ကြပါဘူး-တဲ့ ။ ကြည့်စမ်းပါ၊စကားတွေက သိပ်အဖိုးတန်တဲ့စကားတွေပါ။ သတိထားနေဖို့  တိုက်တွန်းတာပါပဲ။ မြတ်စွာဘုရားရှင် အမြဲပြောလေ့ရှိတဲ့ အပ္ပမာဒေန သမ္ပာဒေထ ဆိုတာနဲ့  တစ်ထပ်တည်း မဟုတ်လား

.

နောက်ထပ် အပိုင်း ၃

ဆက်လက်ရှုစားကြပါကုန်

အရှင်တေဇောဘာသ

သုဒ္ဓံ အတ္တာနံ ပရိဟရ န္တု

.

Kommentare sind geschlossen